Arduino ဆိုတာဘာလဲ
Arduino ဆိုတာ programmable microcontroller board ဖြစ်ပါတယ်။ Electronic engineer မဟုတ်သူများ အဆင့်မြင့် electronic project များ တည်ဆောက်ရန် သုံးစွဲနိုင်ပါတယ်။
Microcontroller ဖြစ်တဲ့အတွက် အဲဒီ board မှာ program code တွေကို process လုပ်ရန် processor ပါဝင်ပါတယ်။ processor အတွက် ယာယီမှတ်ဉာဏ် RAM (Random Access Memory) ပါဝင်ပါတယ်။ Program တွေကို store လုပ်ရန် ROM (Read Only Memory) ပါဝင်ပါတယ်။ နောက် အထွေထွေသုံးစွဲနိုင်ရန် digital နှင့် analog စနစ်သုံး GPIO (General Purpose Input Output) pins တွေလည်း ပါဝင်ပါတယ်။
Arduino interface board အများစုမှာ computer နှင့် ချိတ်ဆက်ရန် USB (Universal Serial Bus) ကို အသုံးပြုကြပါတယ်။
Arduino board တွေကို program ရေးသွင်းရန် C/C++ programming language မူကွဲတစ်မျိုးကို အသုံးပြုပါတယ်။
2003 ခုနှစ်မှာ Italy နိုင်ငံ Ivrea မြို့မှာ ရှိတဲ့ Interaction Design Institute Ivrea (IDII) မှ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Hernando Barragán က Wiring လို့ခေါ်တဲ့ Master Thesis Project တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ATmega168 processor ကို အသုံးပြုထားတဲ့ digital project တစ်ခုဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ Massimo Banzi, David Cuartielles, Tom Igoe, Gianluca Martino နှင့် David Mellis တို့က ပိုမိုဈေးသက်သာတဲ့ ATmega8 processor အသုံးပြုပြီး Wiring project ကို Arduino လို့ အမည်ပြောင်းလဲခဲ့ပါတယ်။
သူတို့ တွေ့ဆုံလေ့ရှိတဲ့ Arduin of Ivrea ဆိုတဲ့ ယမကာဆိုင်ကို အစွဲပြုပြီး Arduino ဆိုတဲ့ အမည်ကို ပေးခဲ့တာလို့ ဆိုပါတယ်။
Arduino board အမျိုးအစားများ
မိမိတို့ ပြုလုပ်မည့် project များနဲ့ လိုက်ဖက်တဲ့ Arduino board အမျိုးအစား မျိုးစုံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Board တစ်မျိုးနဲ့ တစ်မျိုးအကြား ကွာခြားချက်တွေကတော့ တွက်ချက်နိုင်စွမ်း (processing power)၊ သိုလှောင်နိုင်စွမ်း (storage space) နှင့် အထုတ်အသွင်းအတွက် input output pin အရေအတွက်တွေမှာ ကွာခြားကြပါတယ်။
ဒီ blog မှာတော့ Arduino Uno ကို အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။
အလွန်အဆင့်မြင့်တဲ့ project တွေအကြောင်း ရေးသားနိုင်မှာ မဟုတ်ပါဘူး။ အဆင့်မြင့် project တွေထက် Arduino ကို စတင် အသုံးပြုလိုသော programming အတွေ့အကြုံမရှိသူများအတွက် Arduino programming အကြောင်းကို အခြေခံကျကျ လေ့လာနိုင်ရန် အဓိက ဦးတည်ချက်ထားပြီး ဒီ blog ကို ရေးပါတယ်။
ဒါကြောင့် ခပ်ပိန်းပိန်း အရေးအသားတွေ ပါနေရင် နားလည် ခွင့်လွှတ်ပေးကြပါ။ သိပ်အမြင့်ကြီးတွေ မျှော်လင့်မထားကြစေချင်ပါဘူး။
Arduino Uno
Arduino Uno board တွေကို ATmega328P processor ကို အသုံးပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Flash Memory 32 KB, SRAM 2 KB, EEPROM 1 KB နဲ့ Clock Speed 16 MHz ရှိပါတယ်။ Input Voltage 7~12 V အတွင်း ပေးသွင်းနိုင်ပါတယ်။
Uno ဆိုတာ Italian ဘာသာစကားအရ 1 (one) လို့ အဓိပ္ပါယ်ရပါတယ်။ USB Arduino board တွေထဲမှာ Arduino Uno ဟာ ပထမဆုံး ထွက်ရှိခဲ့သော board ဖြစ်ပါတယ်။
Digital input output အတွက် 14 pins နှင့် analog input အတွက် 6 pins ပါရှိပါတယ်။ Power ပေးသွင်းနိုင်ရန် power jack တစ်ခုနှင့် computer နှင့် ချိတ်ဆက်နိုင်ရန် USB connector တစ်ခုလည်း ပါဝင်ပါတယ်။
Arduino Uno board အား USB connector ကို အပေါ်ကထားပြီး ထောင်ကြည့်လိုက်ပါ။
ညာဖက်မှာ 0 မှ 13 အထိ label ထိုးထားသော digital I/O pins များကို တွေ့ရပါမယ်။ ၎င်း pins များအနက် (~) သို့မဟုတ် (#) သင်္ကေတပြထားသော pins များကို pulse-width modulation (PWM) pins များအဖြစ် သုံးစွဲနိုင်ပါတယ်။
ရိုးရိုး digital I/O pins များနှင့် pulse-width modulation (PWM) pins များအကြား ကွာခြားချက်ကတော့ digital pins များ၏ output voltage သည် ပုံသေဖြစ်တဲ့အတွက် on/off သဘောသာဆောင်သော်လည်း PWM pins များသည် variable voltage ကို ထုတ်ပေးနိုင်သည့်အတွက် LED များကို လင်းခြင်း၊ မှိန်ခြင်းနှင့် motor speed control အတွက် အသုံးပြုနိုင်ပါတယ်။
ဘယ်ဖက်ရှိ A0 မှ A5 အထိ label ထိုးထားသော pins များမှာ analog input pins များ ဖြစ်ပါတယ်။
Analog input pins များကို digital I/O pins များ အဖြစ်လည်း သုံးစွဲနိုင်ပါတယ်။ analog input pin A0 ကို digital I/O pin 14 အဖြစ်လည်းကောင်း၊ analog input pin A1 ကို digital I/O pin 15 အဖြစ်လည်းကောင်း၊ စသဖြင့် analog input pin A5 ကို digital I/O pin 19 အဖြစ် သတ်မှတ် သုံးစွဲနိုင်ပါတယ်။
နောက်ပိုင်းမှာ အရေးအသား ရှင်းလင်းစေရန် digital input output pins တွေကို D13, D12, D11 စသဖြင့် အတိုကောက် သုံးနှုန်းသွားမှာ ဖြစ်ပြီး analog input pins တွေကိုတော့ A0, A1, A3 စသဖြင့် သုံးနှုန်းသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment